Thursday, May 14, 2009

ဗုဒ္ဓဘာသာ

လူဆိုတာရယ်က အကြောက်တရားနဲ့ ဘယ်လိုလုပ်ပြီးမှ မကင်းနိုင်ချေ။ ဒါက ကျောက်ခေတ်ကတည်းက ဖြစ်နေခြင်းပင်။ ဒါကြောင့်လည်း လူတွေက မှီခိုစရာ ရှာလာခဲ့ရာ ဦးဆုံးတော့ ကျောက်တုံးတွေ၊ တိရိစ္ဆာန်တွေ၊ မိုးမြေ၊ မြစ်ချောင်း၊ ပင်လယ်တွေကို ကိုးကွယ်မယ်၊ နောက်တော့ နတ်ဘုရားပေါ့။ တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှု မြှင့်လာချိန်မှာ ဖန်ဆင်းရှင်တွေကို ကိုးကွယ်ကြရင်း...... ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ကြောက်စိတ်တွေကို အကြောင်းပြုပြီး ဘာသာတရားဆိုတာ ပေါ်ပေါက်လာရလေသည်။

ကျွန်တော်တို့ရဲ့ ကြောက်စိတ်၊ လောဘစိတ်၊ ဒေါသစိတ်၊ ဝမ်းနည်းတဲ့ စိတ်တွေကို ဖြေသိမ့်ဖို့ ကျွန်တော်တို့ဖာသာ ဘာသာတရားတွေကို ဖန်ဆင်းလိုက်ကြလေသည်။ ကျွန်တော့်တို့ရဲ့ မှီခိုအားထားရာဟာ ပြင်ပမှာ ရှိနိုင်ကောင်းရဲ့ လို့ အဖြေရှာကြည့်ခြင်းပင်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်က မဇ္ဈိမဒေသမှာ ပေါ်ထွန်းခဲ့တဲ့ သူတော်စင် ပညာရှိကြီးတစ်ပါးကတော့ ကျွန်တော်တို့ရဲ့ မှီခိုအားထားရာဟာ ကျွန်တော်တို့ရဲ့ ကိုယ်တွင်းမှာသာ ရှိတဲ့အကြောင်း ဖေါ်ထုတ် ပြောကြားခဲ့ပါသည်။ အဲဒီ သူတော်စင်ကြီးကတော့ ဗုဒ္ဓပင်ဖြစ်သည်။ တကယ်တော့ မကောင်းတဲ့စိတ်ဆိုတာ အတွင်းက လာတာပါ။ ဒါကို ဖျောက်ဖျက်နိုင်တာကလည်း အတွင်းက စွမ်းအားတွေပဲ မဟုတ်လား။ ဗုဒ္ဓက အဲဒီ စွမ်းအားတွေကို ဘယ်လို ဖော်ထုတ်နိုင်သလဲ ဆိုတာ ဟောရင်းနဲ့ လွတ်ငြိမ်းချမ်းသာခြင်း အကြောင်း တရားတွေကို အဓိကဟောကြားခဲ့ခြင်းပင်ဖြစ်သည်။

ဆုတောင်းရုံ၊ ကိုးကွယ်ရုံမျှနဲ့တော့ အဲဒီ စွမ်းအားတွေကို ရမည်မဟုတ်။ ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ ရနိုင်စရာ ရှိမည် ဖြစ်သည်။ သီလ၊ ဒါန၊ မေတ္တာ၊ ဘာဝနာတရားများကို လက်တွေ့ ကျင့်ကြံခြင်းကိုသာ အားပေးခဲ့သဖြင့် ဗုဒ္ဓလမ်းစဉ်သည် လူပုဂ္ဂိုလ်သည်သာ အဓိကဖြစ်လေသည်။ အပြင်မျှော်ဝါဒမဟုတ်ဘဲ၊ အတွင်းသို့ ရှုရမည့် ဝါဒဖြစ်လေသည်။

ကာရံမဲ့ စစ်ပွဲ

စစ်တိုက်ထွက်မလို့တဲ့
လက်ချည်းဗလာ။

ဗျုဟာကိုရေး
အတွေ့အကြုံက နတ္ထိ။

စစ်မြေမှာကြာ
သူလည်းနာလှပြီ။

သူ့နှလုံးသွေးတော့ နီဆဲ
တနေ့ နိုင်ရမတဲ့လေ။

မြင်မိသော ဘဝင်မကျစရာများ

ကျွန်တော်ငယ်ငယ်က အိမ်မှာကော ကျောင်းမှာကော ကြုံရတာလေးရှိတယ်။ ကျွန်တော်တို့ မိဘတွေနဲ့ ဆရာတွေက ကျွန်တော့်တို့ အပေါ် အရမ်း ဂရုစိုက်တာ။ ဆရာမိဘတွေက ကျွန်တော်တို့တွေကို ကျောင်းသားမို့ကျောင်းစာပဲ လုပ်စေချင်ကြတယ်။ ကျွန်တော်တို့ငယ်ငယ်ကဆို အပြင်ထွက် ကစားတယ် ဆိုတာကြီးက ပြစ်မှုကြီးတစ်ခုလို မှတ်ခဲ့ကြရတာ။ ပုံပြင်တွေ၊ သာဓကတွေနဲ့ ဆုံးမပြတာပေါ့။ မောင်မဲသည်အဆော့ မက်သည်၊ မောင်ဖြူသည် လိမ္မာသည်၊ စာကြိုးစားသည်၊ အဆော့မမက်ချေ... ထို့ကြောင့် မောင်ဖြူသည် ကြီးလာသောအခါ ကောင်းစားရလေသည်.. မောင်မဲသည် နှောင်းသောအခါ နောင်တ ရလေသည်......စသဖြင့်ပေါ့ဗျာ။ ကလေးတယောက် ကလေးလိုကြီးပြင်းခွင့် မရတော့ဘူးပေါ့ဗျာ။ ဘယ်လို ပြောမလဲ... ကလေးအခွင့်အရေး ချိုးဖောက်ခံရတယ်ပေါ့။

ငယ်ငယ်က ဖတ်ခဲ့ရတဲ့ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး စတာတွေဟာလည်း ဒီလို ပါပဲဗျာ။ ကျွန်တော်တို့ တတွေ တဖက်တည်း ကြည့်တတ်အောင် လုပ်သလို ဖြစ်နေတာပေါ့။ မိဘတွေကဆို အတန်းထဲမှာ အဆင့် ၁၊ ၂၊ ၃ မရရင် မကြိုက်ကြဘူး။ ပြောချင်ဆိုချင်တယ်ပေါ့။ ကျောင်းမှာလည်း ဆရာ၊ ဆရာမတွေက စာတော်တဲ့ သူတွေပဲ အရေးပေး ချင်ကြသပေါ့။ သူတို့ အတွေးကလည်း ကျွန်တော်တို့တတွေ စာတော်ကြမှ အနာဂတ် လှပကြမယ်၊ ဒီအတွက် စာကိုပဲ သင်ကြရမယ်။ ဟုတ်ကဲ့ မှန်ပါတယ်။ ဒါပေမယ့် တခြားတဖက်က ကြည့်လိုက်တော့ ဒီလုပ်ရပ်က ကျောင်းသားအချင်းချင်း၊ ကျောင်းသားမိဘအချင်းချင်း သွေးခွဲသလို ဖြစ်နေတယ်လို့ ကျွန်တော်ထင်မိပြန်တယ်။

စာတော်တဲ့သူကိုကျတော့ အရေးပေးတယ်။ ညံ့တဲ့သူကျ အနှိမ်ခံရပြန်တယ်။ တော်တဲ့သူတွေ ဘဝင်မြှင့်ပြီး ညံ့တဲ့ သူတွေကျတော့ အားငယ်စရာတွေဖြစ်ကုန်ရော။ တခါ မိဘတွေကလည်း ကိုယ့်သားသမီး တော်ဖို့အရေး ထိပ်ရောက်ဖို့ အရေး အားစိုက်ကြပြန်ရော။ နောက်တော့ မိဘအချင်းချင်း ပြိုင်ဖက်တွေ ဖြစ်ပြန်ရော။

တကယ်ဆို လူတိုင်းမှာ ပင်ကိုယ်အရည်အချင်းတစ်မျိုးစီ ရှိနေကြတာပဲ မဟုတ်လား။ ဒါပေမယ့် အဲဒီ အရည်အချင်း တစ်ခုချင်းဆီကို မှတ်ကျောက်တင်ပေးမယ့် ကိရိယာမျိုး ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ မရှိဘူး။

ဘောလုံးကန်ရင် မကြိုက်ဘူး။ ပန်ချီဆွဲရင် မကြိုက်ဘူး။ သီချင်းဆိုရင် မကြိုက်ဘူး။ စာတစ်မျိုးပဲ စိတ်ဝင်စားစေ ချင်ကြတယ်။ ကြီးလာတော့ ကျောင်းစာ တစ်ခုတည်း သိရုံနဲ့ ဘဝကို ရပ်တည်လို့ မရဘူးဆိုတာ သိလာရတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ မလွတ်လပ်မှု၊ ချုပ်ခြယ်မှုတွေကြားမှာ ကိုယ်ပိုင်အရည်အသွေးတွေ နည်းလာကြတယ်။ ဖန်တီးနိုင်မှုတွေ ကျဆင်းလာကြတယ်။ လူကြီးမိဘတွေရဲ့ အဆင့်သင့်ရွေးခြယ်ပေးမှု အောက်မှာ အနေကြာရင်းနဲ့ ကိုယ်ပိုင် ရွေးခြယ်တတ်မှု၊ ဆုံးဖြတ်တတ်မှု၊ ယုံကြည်မှုတွေဟာ လျော့ပါးလာခဲ့ရ တယ်။ ငယ်ဘဝမှာ ဝါသနာရိုက်ချိုးခံခဲ့ရတာ၊ ပြင်ပနဲ့ အဆက်ဖြတ်ခံခဲ့ရတာတွေကြောင့် ကိုးရို့ ကားရား ကြီးပြင်းလာခဲ့ကြရတော့တယ်။ ဒါက ကျွန်တော်တို့ ယဉ်ကျေးမှုကိုက ဒါမျိုးဖြစ်နေတာ။ အိုးကောင်းချင်ရင် နာနာ ခတ်ရမတဲ့လေ။

ကျွန်တော်ကတော့ ကလေးတွေကို ကလေးသဘာဝအတိုင်း ရှိနေအောင်ထားတာပဲ ကြိုက်တယ်ဗျ။ ပြီးတော့ ကလေးဆိုတာ ရုပ်ပိုင်းဆိုင်ရာ အရကော၊ စိတ်ပိုင်းဆိုင်ရာ အရကော နုညံ့ကြတယ်လေ။ ကလေးတွေကို ထိခိုက်နစ်နာစေမယ့် အပြောမျိုး၊ အပြုအမူမျိုး မလုပ်နိုင်ရင်တော့ ကောင်းတာပေါ့။

Wednesday, May 13, 2009

ကြီးပြင်းခဲ့သော ပတ်ဝန်းကျင်မှ အမှတ်ရစရာများ

ကျွန်တော်က ရွှေဘူးမြေမှာ ၆ နှစ်လောက်ကြာအောင်နေခဲ့တာ။ ၈ နှစ်သားကနေ ၁၄ နှစ်သားထိဆိုပါတော့။ ကျွန်တော့်အဖေက မြို့ နယ်အရာရှိကိုး။ မျက်နှာတော့ပွင့်ပါရဲ့ ။ ခုတော့ ဒါကို မကြိုက်ချင်တော့ဘူး။ မလွတ်လပ်ခဲ့တဲ့ ဘဝလို့ ထင်လို့ မို့ လေ။ တွေ့တဲ့သူတိုင်းက နှုတ်ဆက်ကြတယ်။ ဒါပေမယ့် သူတို့က ကျွန်တော်ကိုဘယ်သူဘယ်ဝါဆိုတာထက် ဘယ်သူသားဆိုတာ ကိုဘဲ သိထားကြတာ။ အားလုံးက အရေးပေးကြပါတယ်။ ခက်တာက ပြင်ပလောကကို အရှိအတိုင်းမြင်ခွင့် မရသလိုမျိုးကြီး။

ကျောင်းမှာဆိုရင်လည်း ကျွန်တော့်ကို ဆရာ၊ ဆရာမတိုင်းက သိကြတယ်။ ကျွန်တော် စာမရရင် လူတိုင်းထက် ပို အပြောခံရတယ်။ မူးချောင်းထဲမှာ အဆော့လွန်သွားမိရင်လည်း အိမ်ကို သတင်း ခဏလေးနဲ့ရောက်ရောပဲ။ အမေကလည်း သိတယ်မလား။ ဆူပါရောလား။ အဲဒီတုန်းက ရဲမင်းပိုင်တို့၊ ရဲကိုကိုတို့ ခေတ်ဆိုတော့ အားကျစိတ်နဲ့ တိုက်ကွမ်ဒိုသင်တန်းတက်တယ်။ ကုန်းပေါ်မှာ သင်ရတာ။ တစ်ရက်တော့ သင်ထားတာ ဘယ်လောက်ထိ စွမ်းနေပြီလဲ ဆိုတာ သိချင်တာနဲ့ အိမ်ပေါ်ထပ်မှာ သူငယ်ချင်းတွေနဲ့ ဖိုက်တင်အစမ်းချကြတာ အဲဗျ... အိမ်ပေါ်ထပ်က ဓါတ်ဗူးအသစ်ကြီး ကျကွဲရော။ သိပ်မကြာဘူး။ အဘက ကျွန်တော့်ကို ဘုန်းကြီးကျောင်းမှာ ရှင်ပြုပေးလိုက်တယ်။ ၂ ပတ် အနည်းဆုံး ဝတ်စေတဲ့ဗျာ။ ၂ ပတ် နားအေး သက်သာလား။

သင်္ကြန်ဆိုရင်လည်း အားအားမနေတတ်ပါဘူး။ သူငယ်ချင်းတွေစု ရွာတွေကို စက်ဘီးကိုယ်စီနဲ့ လျှောက်လည်၊ ရွာတွေက ကျွေးသမျှ အကုန်လိုက်စား။ ပျော်စရာကြီး။ အဲ... ပြန်လာရင်တော့ တုတ်တစ်ချောင်း ကောက်လာခဲ့ပေါ့။